တတ်လို့မဟုတ်ဘူးနော် ကိုယ်ပိုင်မှတ်စုကလေးကို ပြန်ရေးထားတာပါ သူငယ်ချင်းတို့လည်း မှတ်လို့ရတာပေါ့။ I hope to you in a better day. The best preparation for work is not thinking about work, talking about work, or studying for work: it is work.Knowledge is the candle, lightening your life, brightening your brain and shining your future.All the grammar you need to know.ပိုစ်တင်နိုင်အောင် ကြိုးစားနေပါတယ် သူငယ်ချင်းတို့ရေ နည်းနည်းကလေး ကျန်းမာရေး မကောင်းလို့နော်။

Thursday, May 12, 2011

မင်းသုဝဏ် ရဲ့ ဘာသာပြန် အယူအဆ

ဘာသာပြန်မှုဆိုသည်မှာ အထူးအဆန်း တော့ မဟုတ်ပါ။ ဘာသာမတူသူ နှစ်ဦး တွေ့ဆုံစကား ဆိုလျှင်ပင် တစ်ဦးဦးက ဘာသာပြန်ရ ပါတော့သည်။ ပြောသူ က နာသူ၏ ဘာသာဖြင့် ပြန်ဆို ပြောနိုင်သည်။
ပြောသူက မိမိဘာသာဖြင့်ပြောသည်ကို နာသူက မိမိဘာသာဖြင့် ပြန်ဆိုနားလည်နိုင်သည်။ သို့တည်းမဟုတ်လည်း ပြောသူနှင့် နာသူ နှစ်ဦးစလုံး နားလည်သော ကြားဘာသာ တစ်ခုခုဖြင့် ဘာသာပြန်ပြောဆို၍ ဘာသာပြန် နားလည်နိုင်ပါသည်။

ကျွန်တော်တို့ ရာဇ၀င်ကိုပြန်ကြည့်လျှင် ယခုမြန်မာခေါ်သူတို့သည် ရှေးကပျူလူမျိုး၊ ကမ်းယံလူမျိုး၊ သက်လူမျိုး၊ မွန်လူမျိုး၊ ကုလား လူမျိုးတို့နှင့် ဒွေးရောယှက်တင် နေခဲ့သည်ကိုတွေ့ရပါသည်။ ထိုသူတို့ သည် အခန့်သင့်သလို ဘာသာပြန်ဆို ဆက်ဆံပေါင်းသင်း နေခဲ့ ကြမည် ဖြစ်ပါသည်။ ဤသို့ နှုတ်ပြောစကားဖြင့် ဘာသာပြန်မှု မျိုးမှာ ရှေးပဝေသဏီကပင် ရှိပြီးဖြစ်သည့် ကိစ္စတစ်ရပ် ဖြစ်ပါသည်။

ထို့နောက် အနော်ရထာမင်းစော ပိဋကတ်တော်တို့ကို ပုဂံပြည် သို့ ပင့်ဆောင်လာပြီးလျှင် မြန်မာစကားကိုလည်း အက္ခရာ တင်သော ကာလ၌ အက္ခရာနှင့် ဘာသာပြန်မှု ပေါ်ပေါက်လာ ရမည်မှာ မုချပင် ဖြစ်ပါသည်။ ထင်ရှားသော ဘာသာပြန်မှု တစ်ရပ်မှာ ပုဂံက မြစေတီ ကျောက်စာပင် ဖြစ်ပါသည်။ ထိုကျောက်စာမှာ လေးထောင့်ကျောက်တိုင်တွင် ရေးထိုးထားသော ကျောက်စာ ဖြစ်ပါသည်။ တစ်မျက်နှာတွင် ဘာသာတစ်မျိုးနှင့် ရေးထား၍ လေးမျက်နှာတွင် ဘာသာ လေးမျိုးကို တွေ့ရပါသည်။ အကြောင်းအရာမှာကား ရာဇကုမာရမင်းသား ဘုရားတည်သည့် အကြောင်း တစ်မျိုး တည်းပင် ဖြစ်ပါသည်။

ဤအကြောင်းကို ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဘာသာသာလေးမျိုးဖြင့် အကြောင်း အတ္ထုပ္ပုတ္တိ တစ်သွေမတိမ်းရလေအောင် ရေးသားထားသည်မှာ တစ်ခုခုကိုမူတည်၍ ဘာသာပြန်ထားချက် ဖြစ်သည်ဟု ဆိုရပါမည်။ ထိုဘာသာပြန်ချက်တို့မှာ အလွန်သိပ်သည်း ကျစ်လစ် မှန်ကန်သည်ဟု ပညာရှင်အများ ချီးမွမ်းကြပါသည်။ မြန်မာပြည်တွင် ပါဠိကျမ်းဂန်ကို လေ့လာ ခဲ့သည်မှာ ကြာပါပြီ။ ပါဠိကျမ်းဂန်ကို ပါဠိတော်မှာစ၍ အနုမဓုတို့တိုင်အောင် ဘာသာပြန်ခဲ့သည်မှာလည်း ပုဂံခေတ် မှစကာ ယနေ့တိုင်အောင်ဖြစ်သဖြင့် ပါဠိကျမ်းဂန်ကုန်လုနီးပါး ဖြစ်သည်ဟု ဆိုရမလောက် ဖြစ်ပါသည်။ ဤအချက်ကို သာသနာ လင်္ကာရကျမ်းနှင့် ပဋကတ်သမိုင်းတို့ကို လေ့လာပါက ကောင်းစွာတွေ့ရပါ လိမ့်မည်။

ထိုသို့နှစ်ပေါင်းခုနှစ်ရာ ရှစ်ရာမျှ ပါဠိကျမ်းဂန်ကို မြန်မာပြန်ဆိုခဲ့သည် မှန်သော်လည်း ထိုဘာသာပြန်ချက်တို့မှာ များသောအားဖြင့် စာသင်သားတို့အတွက်သာ ဖြစ်ပုံရပါသည်။ ခင်ဗျားတို့ ကျွန်တော်တို့ကဲ့သို့သော လူပြိန်း များအတွက် ဟုတ်ပုံမရပါ။ ထို့ကြောင့်လည်း ယခုအခါ လူပြိန်းများအတွက်ကိုပါ ရည်မှန်းကာ ပါဠိကျမ်းဂန်ကို မြန်မာပြန် ဆိုရန် ပိဋကတ် ဘာသာပြန် ဌာနကြီးကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ထင်မိပါသည်။

ဤတွင် ကျွန်တော်အစီရင်ခံလိုရင်းမှာ ဘာသာပြန်မှုဆိုသည်မှာ အဆန်းတော့မဟုတ်ပါ။ သို့သော် ခက်ခဲသော ပညာ ရပ်တစ်ခုဖြစ် သည်ကိုကား မမေ့အပ်ကြောင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့ စာပေဗိမာန်က ပြုစုနေသည့် ဘာသာပြန်မှုမျိုးမှာ ခက်ပါလိမ့်မည်။ ဘာ့ကြောင့်ဆိုသော် ကျွန်တော်တို့က ပညာပေးလိုသောသူတို့တွင် အရပ်သားများ ပါနေသောကြောင့် ဖြစ်ပါသည်။ သူတို့အတွက် ဘာသာပြန် လျှင် သူတို့ နားလည်အောင် ဘာသာပြန်ရမည် ဖြစ်ပါသည်။ သူတို့နားလည်အောင် ဘာသာမပြန်နိုင်သေးသမျှ ကျွန်တော်တို့ လုပ်ငန်းမှာ အောင်မြင်သင့်သလောက် အောင်မြင်ပြီဟု မခေါ်နိုင်သေးပါ။

ဤတွင် ရှေးဆရာများ၏ ဘာသာပြန်နည်းနှစ်မျိုးကို ထုတ်ဖော်ပြောဆိုလိုပါ သည်။ ရှေးဆရာတို့သည်လည်း (၁) ပညာသည် စာသင်သားတို့အတွက် ဘာသာပြန်နည်းတစ်မျိုး (၂) အရပ်သား လူသာမန်တို့အတွက် ဘာသာပြန်နည်းတစ်မျိုး ဟူ၍ နည်းနှစ်မျိုး သုံးခဲ့ကြပါသည်။ ပထမတစ်မျိုးမှာ -ဧ၀ံ၊ ဤသို့။ သုတံ ကြားလိုက်ရ၏။ ဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဥပဓာရိတံ၊ ဆောင်လိုက်ရ၏-ဆိုသော ပါဠိနှင့် မြန်မာ ဖက်တွဲပြန်ဆိုသော ပဒတ္ထနိသျ ပြန်မျိုး ဖြစ်ပါသည်။ ဤအမျိုးမှာ စာသင်သားတို့အတွက် ကောင်းပါသည်။
ဒုတိယ အမျိုးမှာ ဝေဿန္တရာ ဇာတ်တော်ကြီး၊ ဇိနတ္ထပကာသနီ၊ ဓမ္မပဒသတ္ထုတော်ကြီး၊ မိလိန္ဒပဥှာဝတ္ထုတို့ကဲ့သို့ စကားပြေ ဖြစ်သည့် ဘာသတ္ထနိသျ ပြန်မျိုး ဖြစ်ပါသည်။ ဤဘာတ္ထနိသျပြန်နည်းဖြင့် ပြန်ဆိုထားသော ကျမ်းဂန်များကို သင်ပုန်းကြီးကုန်ရုံနှင့် ကျောင်းထွက်သွားရသော `တောင်သူလယ်သမားတို့ပင် ထွန်ဖြုတ်ခိုက် စာခြောက်ခိုက် ဖတ်ရွတ် နိုင်သည်ကို တွေ့ရပါသည်။

ဤသို့ လူအများဖတ်နိုင်အောင် ဘာဝတ္ထပြန်နည်းဖြင့် အောင်မြင်စွာ မြန်မာပြန်ဆိုသွားကြသော ပုဂ္ဂိုလ်များကိုကြည့်လျှင် ဧရာမ စာတက်ပုဂ္ဂိုလ်ကြီး များဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ သူတို့ကဲ့သို့ ပြန်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနိုင်မှ ကျွန်တော်တို့ လုပ်ငန်းသည် ရည်မှန်းရာသို့ ရောက်ပါလိမ့်မည်။ ထိုသို့သော ဘာသာပြန်ဆရာအကျော်အမော်တို့၏ လုပ်ငန်းများကို လေ့လာကြည့်သောအခါ အောက်ပါ လိုလားအပ်သော အချက်သုံးချက်ကို တွေ့ရပါသည်။
(၁) ဘာသာပြန်သူသည် ကိုယ့်ဘာသာရင်းကို ခြေခြေမြစ်မြစ်နားလည်ရမည်။
(၂) ဘာသာပြန်သူသည် သူ့ဘာသာစကားကို ခြေခြေမြစ်မြစ်နားလည်ရမည်။
(၃) ဘာသာပြန်သူသည် မိမိပြန်ဆိုမည့် စာအုပ်ကို သို့တည်းမဟုတ် ပညာရပ်ကို ခြေခြေမြစ်မြစ်နားလည်ရမည်။
ဤခြေခြေမြစ်မြစ်ကို နားလည်မှုသုံးရပ်နှင့် ပြည့်စုံသည်ဆိုလျှင် လူတစ်ဖက်သားနားလည်အောင် မိမိ၏ အသိပညာကို တစ်မျိုးနှင့် မဟုတ်လျှင် တစ်မျိုးနှင့်ပေးနိုင်မည်ဟု ယုံကြည်ထိုက်ပါသည်။

ကိုယ့်ဘာသာရင်းကို ခြေခြေမြစ်မြစ်နားလည်မှုအတွက် ကျွန်တော်တို့မှာ မြန်မာဝါကျဖွဲ့ထုံးကျမ်းကို အမြီးပြန်ခေါင်းပြန် လေ့လာထား ရန်လိုပါသည်။ သတ်ပုံသတ်ညွှန်းကျမ်းများကို အကြိမ်ကြိမ်အဖန်ဖန် ကြည့်ဖို့လိုပါသည်။ ရှိသမျှ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်များကို တစ်မျိုးမကျန် လေ့လာဖို့လိုပါသည်။ ထို့အပြင် ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဇိနတ္ထပကာသနီ၊ သမန္တစက္ခုဒီပနီ၊ က၀ိလက္ခဏာဒီပနီ၊ စွယ်စုံကျော်ထင်ကျမ်း၊ မဏရတနာပုံ သတ္ထု၊ အရေးတော်ပုံငါးစောင်၊ ဦးကုလား၊ မှန်နန်း၊ သုသောဓိတ ဆိုသော ရာဇ၀င်များမှစ၍ မြန်မာစကားပြေ ကျမ်းများကို ကာလပေါ်စာနယ်ဇင်းများအထိ ဖတ်ရှုလေ့လာဖို့လိုပါသည်။

ကျွန်တော်ပြောသည်ကို လွန်လွန်းသည်ဟု တစ်ချို့က ထင်ပါလိမ့်မည်။ မလွန်ပါ။ သူလိုငါလို ဖြစ်ကတက်ဆန်း မင်းတိုင်းကျေ ဘာသာပြန်မျိုးကို မဆို၊ တကယ့်ဘာသာပြန်မျိုးကိုလိုလျှင် ထိုကျမ်းများကို လေ့လာဖူးသူမှသာလျှင် ပြန်ဆို ပြုစုနိုင်ပါလိမ့်မည်။ သို့မဟုတ်ကလည်း ၀မ်းတွင်းပါပညာရှိ မှသာလျှင် ပြန်ဆိုနိုင်ပါလိမ့်မည်။ သူ့ဘာသာကို ခြေခြေမြစ်မြစ် နားလည်ဖို့ရန် အတွက်ကိုတော့ ဘယ်နည်း ဘယ်နိသျ လိုက်သင့်သည်ဟု ကျွန်တော် မပြောနိုင်ပါ။ ဆိုင်ရာပုဂ္ဂိုလ်များပြောမှ သင့်လျော်ပါ မည်။

သို့သော် အင်္ဂလိပ်စာကို အလွယ်ကလေးပင်ဖြစ်လင့်ကစား တစ်ခါတစ်ရံ မြန်မာပီသအောင် ပြန်ဖို့ မလွယ်ကြောင်းကို ကျွန်တော် ပုံတစ်ခုဆောင်၍ ပြောလိုပါသည်။ လေးငါးနှစ်ခန့်ရှိသော ကျွန်တော့် တူမလေးတစ် ယောက်သည် သူ့အစ်မ များနောက်က ပြေးလိုက်၍ (၀ိတ်၊ ၀ိတ်) ဟု အင်္ဂလိပ်စကားနှင့်အော်ပြောနေသည်ကို ကျွန်တော်တစ်ခါက ကြားရပါသည်။ ထိုအခါ ကျွန်တော်က (၀ိတ်၊ ၀ိတ်) ဆိုတာဘာလဲလို့မေးလိုက်၍ (နေဦး၊ နေဦး) ဟုဆိုလိုကြောင်း ပြန်ပြောပါသည်။ ထိုအခါ ကျွန်တော့်မှာ တူမလေးကို တိတ်တိတ်ပုန်း အရှုံးပေးလိုက်ရပါသည်။ ဘာ့ကြောင့်ဆိုသော် (၀ိတ်၊ ၀ိတ်) ကို ကျွန်တော်က (စောင့်၊ စောင့်) ဟု စိတ်ထဲတွင် ဘာသာပြန်ထားပါသည်။ သူက (နေဦး၊ နေဦး) ဟု ပြန်ပါသည်။ ကျွန်တော့် ဘာသာပြန်ချက်ကို မမှန်ဟု မပြောနိုင်သော်လည်း သူ့ဘာသာပြန်ချက်က ပိုမို မြန်မာပီနေသည်ကိုကား ၀န်ခံရပေမည်။ ဤသို့ မြန်မာပီသအောင်ပြန်ဆိုနိုင်မှလည်း လူအများစု နားလည်လွယ်နိုင် ပေမည်။ ဤကိစ္စမှာ သူ့ဘာသာကို နားလည်ရုံမျှမက ကိုယ့်ဘာသာကိုလည်း ခြေခြေမြစ်မြစ်နားလည်ဖို့ လိုသေးသည်ကို သက်သေခံလျက် ရှိပါသည်။

ခြေခြေမြစ်မြစ် နားလည်မှုသုံးရပ်နှင့် ပြည့်စုံသော သူတစ်ဦး၏ ဘာဝတ္ထ ပြန်ထားချက်တစ်ရပ်ကို ဖတ်ပြလိုပါသည်။ ဤအချက်မှာ ယောမင်းကြီး ပြန်ဆိုရေးသားသည့် ဥတုဘောဇနကျမ်းမှ ဖြစ်ပါသည်။ သုဿုတ ဆေးကျမ်း၊ ဘာဝပ္ပကာသ ဆေးကျမ်း၊ ရာဇနိဃဏ္ဋု ဆေးကျမ်း၊ ဒဗ္ဗဂုဏပကာသ ဆေးကျမ်းဆိုသော သက္ကဋဘာသာကျမ်းများမှ ကောင်းနိုးရာရာတို့ကို ထုတ်နုတ် မြန်မာပြန်ဆိုရေးသားထားချက် ဖြစ်ပါသည်။
`တပေါင်း၊ တန်ခူး နှစ်လတို့သည် ၀သန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင်သည် ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ပေါက်၊ ချယား၊ သော်က၊ သရဘီ အစရှိသော ပန်းတို့သည် ပွင့်ကုန်၏။ ဥသြငှက်၊ ပျားပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။ တောင်လေလာ၏။ သလိပ်ပျက်၏။ လောက မခြောက်။ ချိုဆိမ့်သော အရသာရှိသော အမြစ်၊ အရွက်၊ အသီးမျိုးအားရှိ၏။
အချို၊ အဆိမ့်၊ အဖန်၊ အေးသော ကြေခဲသောအစာ၊ နေ့၌အိပ်ခြင်း၊ တက်သောအစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။
အပင်ပန်းခံခြင်း၊ နှိပ်နယ်ခြင်း၊ အခိုးတောက်ခြင်း၊ ချဉ်စပ်သောအရသာရှိသော အရည်တို့နှင့် လုပ်ဆေးခြင်း၊ မျက်စဉ်းခပ်ခြင်း၊ နှာနှပ်ခြင်း၊ သလိပ်ထွက်အောင် အန်ဆေးတိုက်ခြင်း၊ ကြစုသီးနှင့် ပျားရည်၊ ကြည်းကုန်း၌ကျက်စားသော သားငှက် တို့၏အသား၊ ထောပတ်ရိုက်၍ ကင်သောအသား၊ စိမ့်စမ်းရေ၊ တံခွန်ရေတို့ကို မှီဝဲသုံးဆောင်အပ်ကုန်၏။ ကရမက် ပရုတ်၊ သားလှကျေးဇူးတို့ကို လိမ်းကျံအပ် ကုန်၏။ ကြေလွယ်သော သလိပ်ကိုနိုင်သော အစပ်၊ အပူ၊ အငန်၊ အခါး အရသာ တို့ကို စားအပ်ကုန်၏။ ချိပ်၊ ဆူးပန်း၊ ပိန္နဲ အစရှိသော ဖန်ရည်တို့ဖြင့် ဆိုးအပ်သော စောင်ပုဆိုးတို့ကို ၀တ်ရုံအပ် ကုန်၏။

ဤယောမင်းကြီး၏စာကို ဖတ်ကြည့်ကြစမ်းပါ။ မည်မျှသိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ် ပီပီသသ ပြေပြေပြစ်ပြစ် ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူရှိသည်ကို လေ့လာကြစမ်းပါ။ ဤသို့ရေးတတ်နိုင်အောင်လည်း ကြိုးစားကြစမ်းပါ။ လူများစုအတွက် ဘာသာပြန် လုပ်ငန်းကိုဖြစ်စေ၊ ကျမ်းပြုလုပ်ငန်းကိုဖြစ်စေ လုပ်လျှင် လယ်တီဆရာတော်ကြီး၏ နည်းကို လိုက်နာသင့်ပါသည်။   လယ်တီဆရာတော်ကြီးသည် အလွန်နက်နဲသိမ်မွေ့သော တရားတော်တို့ကိုပင် လူသာမန်တို့ ဥာဏ်နှင့် မီအောင် ရေးသားဟောပြောခဲ့သည် ကို အများပင် သိကြပါသည်။ ဆရာတော်ကြီး၏ ၀ါဒမှာ ဥတ္တမပုရိသကျမ်းတွင် တွေ့ရ သည့် အတိုင်း ဖြစ်ပါသည်။
`ပါဠိသံ ကျမ်းသံနှင့် ပြော၍နေလျှင် စကားကြီးခန့်၏။ ပြောနေကျ မြန်မာစကားမျိုးမဟုတ်၍ အသိဥာဏ် တန်းခနဲ စိုက်ခနဲ မသွား။ ယောင်ဝါးကြီး နေကြ၏။ အချို့သောသူတို့သည်  အင်္ဂလိပ်စာကိုတွေ့လျှင် အင်္ဂလိပ်သံနှင့် အကုန်ဖတ်၍ ပြောနိုင်ကြ၏။ ဘာကိုဆိုသလဲဟု စစ်၍မေးလျှင် မြန်မာစကားနှင့် အလုံးစေ့အောင် နေရာချ၍ မပြတက်။ ဤကဲ့သို့ နေကြသည်။ ထို့ကြောင့် ဤစာအုပ်မှာ သဘောပြောခဏ်း ဆိုက်လျှင် မြန်မာပြောချည်း လာလတ္တံ့။´

အထက်ပါစကားဖြင့် လယ်တီဆရာတော်ဘုရားကြီးသည် ပါဠိမှ မြန်မာသို့ ပြန်ဆိုသူတို့ကိုလည်းကောင်း၊ အင်္ဂလိပ်မှ မြန်မာပြန်ဆိုသူ တို့ကိုလည်းကောင်း ဝေဖန်တော်မူခဲ့၍ မိမိနည်းကိုလည်း ဖော်ပြတော် မူခဲ့လေသည်။ ကျွန်တော်တို့ခေတ်ကား ယေဘုယျအားဖြင့် ဘာသာပြန် ခေတ်ဖြစ်သည်။ ထို့ကြောင့် မိမိဘာသာပြန်မှု အောင်မြင်ရေးအတွက် အထက်တွင် ကျွန်တော် တတ်သမျှ မှတ်သမျှ ပြောခဲ့သည်တို့ကို အခြေပြု၍ ဆက်လက်လေ့လာ ဆည်းပူးနိုင်ကြရအောင် အထူးစေတနာ ရှေ့ထား၍ ကြိုးစားသင့်သည် ထင်ပါကြောင်း။            ။

မင်းသုဝဏ်
(၀င်းကျော် တင်ပြသည်)
မောက္ခဆိုက်မှ ကူယူဖော်ပြပါသည်။

0 comments:

Post a Comment