အတိတ်သမိုင်းကြောင်း(Past History)
ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအသီးသီးရဲ့ သက်ဆိုင်ရာဘာသာစကားတွေ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်လို့ ဘာသာဗေဒပညာရှင်တွေ (Linguists) ရဲ့ အတွေအခေါ် အယူအဆ သီဝရီတွေ အများအပြားရှိကြပါတယ်။ သူ့အတွေးအခေါ် သူ့အထောက်အထား စံပေတံတွေနဲ့ ချိန်ထိုးပြီး ခန့်မှန်းပြောဆိုဖေါ်ထုတ်ကြတာပါပဲ။
လူ့သမိုင်းမှာ ဘာသာစကားပေါ်ပေါက်လာပုံကို ယတိပြတ် သတ်မှတ်ဖို့ မလွယ်ကူလှပါဘူး ဒါကြောင့် ”ပစ္စုပ္ပန်ဟာ အတိတ်အတွက် သော့ချက်ပဲ” ( Present is the key to the past) ဆိုတဲ့ သဘောတရားကို ကိုင်စွဲပြီး၊ လက်ရှိမွေးဖွားလာတဲ့ လူသားလေးတစ်ဦး (Human Alone) ရဲ့ဖြစ်စဉ် ကိုပဲ လေ့လာကြည့်လို့ရနိုင်မယ်ထင်ပါတယ်။
ကလေးတစ်ယောက်မွေးဖွားလာတယ်၊ သူတစ်ယောက်တည်း၊ ဘယ်ဘာသာစကားမှ တတ်မလာပါဘူး၊ သူ့အတွက် ဘာသာစကားမရှိသေးဘူး(No language) ဗိုက်ဆာရင်ငိုမယ်၊ နာရင်ငိုမယ် ဒီလောက်ပဲ လုပ်တတ်ပါသေးတယ်။ သူ့မိသားစုဝန်းကျင်မှာ ပြောဆိုတဲ့အသံတွေ စတင်ကြားနေရပြီ၊ သူက လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း(Human Society) အတွင်းမှာနေရပြီ လေ၊ အဲဒီတော့ ကြားခံဘာသာစကား (Media of communication) လိုအပ်နေပြီပေါ့၊ တကယ်တော့ ဆက်သွယ်ရေးလုပ်တယ်ဆိုတာ လူတစ်ဦးရဲ့စိတ်ကူး (Idea)၊ ခံစားချက် (Feeling) နဲ့ အတွေ့အကြုံ (Experience) တွေကို တစ်ခြားတစ်ယောက် ကို အပြန်အလှန် မေးရင်း (Asking)၊ ဖြေရင်း (Answering) ပို့ဆောင်ဖလှယ်ကြဖို့ပဲဖြစ်ပါတယ်။ ဒီလို နဲ့ ဘာသာစကားတစ်ခု (Language)ပေါ်ပေါက်လာရပါတော့တယ်။
ထုံးစံအတိုင်း လူ့ယဉ်ကျေးမှုကြီး (Civilization) တိုးတက်လာရအောင် လူပညာရှိတွေ (Men of wisdom) ကပဲ ဦးဆောင်ဥာဏ်ထုတ် တီထွင်လုပ်ဆောင်ခဲ့ကြတာပဲပေါ့၊ သူတို့က လူတွေဟာ ကိုယ်ဟန်အမူအယာ ဘာသာစကား(Body language) နဲ့ ဆက်သွယ်လို့ရမှန်း သိကြတယ်၊ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်တော့မရနိုင်ဘူး၊ နောက်တော့ ပါးစပ်က အသံမျိုးစုံ ထွက်အောင်လုပ်တတ်တဲ့ လူ့သဘာဝကိုနားလည်သွားပြီး အသံကိုအားကိုး အခြေခံပြုရမယ့် အပြောဘာသာစကား (Spoken language) ကို စတင်အသုံးပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် သံရင်း(Phonemes)တွေကို မှတ်တမ်တင်ပြီး အပြောဘာသာစကားကို တီထွင်အသုံးချလာနိုင် ကြပါတယ်။ ဒီ သံရင်း(Phonemes)တွေကြောင့် လူတွေဟာ နားထောင်နိုင်စွမ်းရည်( Listening Skill) နဲ့ ပြောနိုင်စွမ်းရည် (Speaking Skill) တွေရရှိလာကြပါတယ်။ တစ်ဆင့်စကားတစ်ဆင့်ကြားနဲ့ လူ့ယဉ်ကျေးမှုသမိုင်းကြီးကို တိုးတက်လာအောင် ဆွဲဆန့်ခဲ့ကြပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာ ပေါ်မှာ အပြောဘာသာစကားပဲရှိကြတဲ့ လူမျိုးစုတွေရှိနေကြဆဲပဲဖြစ်ပါတယ်။
နောက်တော့ ” နှတ်တစ်ရာ စာတစ်လုံး” ဆိုသလို ပြောဆိုမှတ်သားနိုင်သူ လူကြီးသူမ ပညာတတ်၊ ပညာရှိ၊ ပညာရှင်တွေ ကွယ်လွန်သွားကြတဲ့အခါ ပညာဗဟုသုတတွေဟာ သူတို့နဲ့ အတူ ပါသွားပါလေရော၊ ဘာမှမကျန်ရစ်ခဲ့တော့ပါဘူး၊ ဒါကြောင့် အမြော်အမြင်ကြီးမားလှတဲ့ ရှေးပညာရှင်ကြီးတွေက မှတ်သားလို့ရမယ့် တာရှည်ခံစေမယ့် ရေးခြစ်လို့ရတဲ့ ရုပ်ရင်း (Morphemes) တွေ ထပ်မံ တီထွင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အရေးဘာသာစကား(Written Language) ပါ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အပြောဘာသာစကား (Spoken language) ရှိတဲ့လူမျိုးတွေမှာ အရေးဘာသာစကား(Written Language) ကိုပါ ရေးသား ဖတ်ရှုအသုံးချနိုင်ခဲ့ကြပါတယ်၊ ဒီ ရုပ်ရင်း (Morphemes)တွေကြောင့် ဖတ်နိုင်စွမ်းရည် (Reading Skill) နဲ့ ရေးနိုင်စွမ်းရည် (Writing Skill) တွေကို ထပ်မံရရှိလာခဲ့ကြပါတယ်။ ဒါဟာ ဘာသာစကား တစ်ခု ဖန်တီးဖြစ်ပေါ်လာပုံ အတိတ်သမိုင်းကောက်ကြောင်းပဲဖြစ်ပါတယ်။
လက်ရှိလမ်းကြောင်း (Present Trend)
အခုလို ဘာသာစကားတစ်ခုရဲ့ စွမ်းရည်လေးပါး ပေါ်ပေါက်လာပုံအနေအထားကို ရိပ်စား လာမိပြီဆိုရင်တော့ ရုပ်ရင်း(Morphemes) အခြေခံအရ အခိုင်အမာရှိနေပြီဖြစ်တဲ့ အင်္ဂလိပ် အက္ခရာတွေ (English Alphabets) ကနေစပြီး လက်ရှိလေ့လာသင်ယူရမယ့် လမ်းကြောင်း (Present Learning Trend) ကိုအကဲခတ် ဆန်းစစ်ကြည့်ရအောင်-
အမှန်တော့ အင်္ဂလိပ်ဘာသာစကားဟာ ရုပ်ရင်း(Morphemes)အပေါ်မှာ အခြေခံတည်ဆောက်ထားတာ(၅)ဆင့်ရှိပါတယ်-
Phase One - Alphabet (အက္ခရာ)
Phase Two - Word (စကားလုံး)
Phase Three - Phrase (စကားစု)
Phase Four - Clause (၀ါကျခွဲ)
Phase Five - Sentence (၀ါကျ)
ဒီအင်္ဂလိပ်ဘာသာစကား ဖွဲ့စည်းတည်ဆောက်မှု ဖွံ့ဖြိုးလာပုံ(English Structure Development) ကို အတိုကောက်အနေနဲ့ A W P C S လို့မှတ်သားထားနိုင်ပါတယ်။
ပထမအဆင့်( Alphabet)
- အင်္ဂလိပ် အက္ခရာ A ကနေ Z အထိ ၂၆ လုံးရှိပါတယ်၊
- အက္ခရာကို သရ (Vowel) နဲ့ ဗျည်း (Consonant) နှစ်မျိုးခွဲပါတယ်၊
- သရကိုထပ်ပြီး နှစ်မျိုးခွဲပြန်တော့ -
(၁) သရသံပြည့် (Full Vowel= A, E, I, O, U)
(၂) သရသံဝက် (Semi-Vowel= Y, W) ရပါတယ်၊
- သရသံ က ”အ”သံကို အခြေခံပါတယ်၊ စကားထွက်သံ (Syllable) တွေရလာအောင်
ဦးဆောင်ပါတယ်၊
- ”အ” သံမထွက်တဲ့ ကျန်အက္ခရာတွေက ဗျဉ်း (Consonant) တွေဖြစ်ပါတယ်၊
- အက္ခရာအဆင့်မှာ ဘာသာစကားဆိုင်ရာ အဓိပ္ပာယ်တွေ မရှိသေးပါဘူး။
ဒုတိယအဆင့် (Word)
- စကားလုံးအဆင့်ကစပြီး အဓိပ္ပာယ်သက်ရောက်ဖွင့်ဆိုမှုတွေ ရှိလာပါတယ်၊
- ရေးနိုင် ပြောနိုင်ပြီး တစ်စုံတစ်ခု အဓိပ္ပာယ်ပေးနိုင်စွမ်းတဲ့ ဘာသာစကားရဲ့ တစ်ခုတည်းသော အစုပင်ဖြစ်သည်။
- စကားလုံးရဲ့ ဂုဏ်အင်္ဂါ (၄)ပါးရှိပါတယ်၊ အဲဒါတွေကတော့-
(၁) စာလုံးပေါင်း (Spelling)
(၂) အသံထွက် (Sound)
(၃) အဓိပာယ် (Sense)
(၄) အမျိုးအစား (Speech) တို့ဖြစ်ပါတယ်။
- စကားလုံးအမျိုးအစား (၈) မျိုးရှိပါတယ်၊ အဲဒါတွေကတော့-
(၁) နာမ် Noun (n)
(၂) တြိယာ Verb (v)
(၃) နာမ၀ိသေသန Adjective (adj)
(၄) တြိယာဝိသေသန Adverb (adv)
(၅) နာမ်စား Pronoun (pron)
(၆) ၀ိဘတ် Preposition (prep)
(၇) စကားဆက် Conjunction (conj)
(၈) အာမေဋိတ် Interjection (intj) တို့ဖြစ်ပါတယ်။
- n, v, adj, adv တွေက အဓိပ္ပာယ်ခိုင်မာပြည့်ဝလို့ Content (or) major word လို့ခေါ်ပါတယ်၊
- pron, prep, conj, intj တွေကိုတော့ ဖွဲ့စည်းတည်ဆောက်ရာမှာ ပံ့ပိုးတဲ့အတွက် Structure (or) Minor word လို့ခေါ်ပါတယ်။
တတိယအဆင့် (Phrase)
- စကားလုံးတွေကို တစ်လုံးမက စုပေါင်းသုံးစွဲခဲ့ရင် စကားစုလို့ ခေါ်ပါတယ်၊ တိကျတဲ့ အဓိပ္ပာယ်ရှိပြီး တြိယာမပါပဲ ၀ါကျရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပေးတဲ့ စကားစုပဲ ဖြစ်ပါတယ်၊
- တချို့က Group လို့လဲခေါ်ကြပါတယ်၊
- အဓိကအားဖြင့် Phrase (၄) မျိုးရှိပါတယ်-
(၁) Noun phrase (နာမ်ပုဒ်စု)
(၂) Verb phrase (တြိယာပုဒ်စု)
(၃) Adjective phrase (နာမ၀ိသေသနပုဒ်စု)
(၄) Adverb phrase (တြိယာဝိသေသနပုဒ်စု) တို့ဖြစ်ပါတယ်။
- စကားစု အဆင့်မှာ အဓိပ္ပာယ် အတော်အတန် ကျယ်ဝန်းလာပါတယ်။
စတုတ္ထအဆင့် (Clause)
- ကတ္တားတစ်ခု နဲ့ တြိယာတစ်ခုပါဝင်ပြီး ၀ါကျ(သို့) ၀ါကျရဲ့အစိတ်အပိုင်းအဖြစ် ဖွဲ့စည်း ပေးတဲ့ စကားလုံးအစုအဝေးဖြစ်ပါတယ်၊
- မြန်မာလို ၀ါကျကဏ္ဍ(သို့) ၀ါကျခွဲလို့ခေါ်ပါတယ်၊
- အဓိကအားဖြင့် Clause (၃)မျိုးရှိပါတယ်-
(၁) Noun Clause (နာမ်ဝါကျခွဲ)
(၂) Adjective Clause (နာမ၀ိသေသန ၀ါကျခွဲ)
(၃) Adverb Clause (တြိယာဝိသေသန ၀ါကျခွဲ) တို့ဖြစ်ကြပါတယ်။
- ၀ါကျခွဲအဆင့်မှာ ဆက်သွယ်ပို့ဆောင်ချင်တဲ့ အဓိပ္ပာယ်ကို ရာနှုန်းပြည့်(သို့မဟုတ်) ပြည့်လု နီးပါး အဆင့်အထိ ဖော်ဆောင်ပေးနိုင်စွမ်းနိုင်ပါပြီ။
ပဉ္စမအဆင့် Sentence
- စာလုံးကြီး (Capital letter) နဲ့ စ၊ Full stop (.)၊ Question mark (?)၊ Exclamation mark (!) နဲ့ဆုံးပြီး များသောအားဖြင့် ကတ္တားတစ်ခု တြိယာတစ်ခုပါဝင်ကာ ရိုးရိုးဖေါ်ပြ ချက် မေးခွန်း အမိန့်ပေး တောင်းပန် စကားတွေကို ဖေါ်ပြတဲ့ စကားလုံးအစုအဝေးပဲ ဖြစ်ပါတယ်၊
- ၀ါကျအမျိုးအစား ခွဲခြားလေ့လာနည်း (၂)နည်းရှိပါတယ်-
- ပထမနည်းကတော့ Structure (ဖွဲ့စည်းတည်ဆောက်ပုံ) ပေါ်မှာ မူတည်ခွဲခြားပါတယ်-
(၁) Simple Sentence (၀ါကျရိုး)
(၂) Compound Sentence (၀ါကျနှော)
(၃) Complex Sentence (၀ါကျပေါင်း)
(၄) Elliptical Sentence (၀ါကျပဲ့) တို့ဖြစ်ပါတယ်
- ဒုတိယနည်းကတော့ Description (အဓိပ္ပာယ်ဖွင့်ဆိုချက်) ပေါ်မှာ မူတည်ခွဲခြား ပါတယ်-
(၁) Statement Sentence (ရိုးရိုးဖော်ပြ ၀ါကျ)
(၂) Question Sentence (အမေး ၀ါကျ)
(၃) Order/Request Sentence (အမိန့်ပေး/တောင်းပန် ၀ါကျ)
(၄) Exclamatory Sentence (အာမေဋိတ် ၀ါကျ)
- ဒီဝါကျတွေဖွဲ့နိုင်ဖို့ (၁) ၀ါကျဖွဲ့နည်း (Syntax) နဲ့ (၂) သဒ္ဒါစည်းမျဉ်း(Grammar)တွေ နားလည်ရပါလိမ့်မယ်၊
- ဒီဝါကျအဆင့်ဟာ ဘာသာစကားဖွဲ့စည်းတည်ထောင်မှုရဲ့ အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်၊
- ဆက်ပြီး စာပိုဒ်(Paragraph) တွေဖွဲ့ပြီး သီကုံးရေးဖွဲ့မှု(Composition) တွေလုပ်သွား တာက အကျယ်တ၀င့်ဖွင့်ဆိုသီကုံးရေးသားပြောဆိုမှု (Discourse) အပိုင်းသာဖြစ်ပါ တယ်၊
- ဘာသာစကားတစ်ခုကို လေ့လာဆည်းပူးနေတဲ့ စာသင်သားတစ်ယောက်ရဲ့ အဓိက တာဝန်ကတော့ အဲဒီဘာသာစကားရဲ့ ၀ါကျတည်ဆောက်ဖွဲ့စည်းပုံ (Sentence Construction) ကို အမြန်ဆုံးတတ်မြောက် ကျွမ်းကျင်လာအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်၊
- တကယ်တော့ ၀ါကျဆိုတာ ဘာသာစကားတိုင်းရဲ့ အဓိကသော့ချက် ပဲဖြစ်တယ်(Sentence is the key to every language)
- အခုရှင်းလင်းတင်ပြခဲ့တဲ့ ကောက်ကြောင်းလမ်းစဉ်ဟာ အင်္ဂလိပ်စာလေ့လာနည်း မြေပုံ တစ်ချပ် ( The map of learning English) ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
0 comments:
Post a Comment